ဖရဲသီး နဲ့ ကျန်းမာရေး
မောနေချိန်မှာ အမောပြေစေပြီး နွေပူပူမှာ ရင်အေးစေတဲ့ ဖရဲသီးလေးက စားရတာတင် ရင်အေးပြီး အရသာရှိစေတာ မဟုတ်ဘဲ ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။ ဘယ်လိုမျိုး ထောက်ကူပေးလဲဆိုတာကို အတူတူ ဖတ်ကြည့်ရအောင်နော်။
ဖရဲသီး ဆိုရာဝယ်
ဖရဲသီး ဆိုတာက အပေါ်ခွံ အစိမ်းရောင်ပေါ်မှာ အဝါရောင် အစင်းလေးတွေ ရှိပြီး အတွင်းသားက အနီရောင်၊ အဝါရောင် စသဖြင့်ရှိပါတယ်။ အစေ့ကတော့ အမဲရောင်လေးတွေပါ။ ချိုချိုမွမွလေးနဲ့ အရည်ရွှမ်းပါတယ်။ သခွားသီး၊ သခွားမွှေးတို့နဲ့ မျိုးရင်း အတူတူပါ။
ဖရဲသီးမှာ ဘာတွေပါ
ချိုချိုအေးအေး ဖရဲသီးမှာ
- ကယ်လ်လိုရီ
- ကာဗိုဟိုက်ဒရိတ်
- အမျှင်ဓာတ်
- သကြားဓာတ်
- ပရိုတင်း
- အဆီဓာတ်
- ဗီတာမင် A
- ဗီတာမင် C
- Lycopene တို့ ပါဝင်နေပါတယ်။
ဖရဲသီး နဲ့ ကျန်းမာရေး
စားရတာ ချိုချိုအေးအေးလေးနဲ့ အရသာရှိတဲ့ ဖရဲသီးလေးက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေသလို ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။
နေရောင်ဒဏ်က ကာကွယ်ပေးတယ်
ဖရဲသီးက အသားအရေကို နေရောင်ကြောင့် ထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ နေလောင်တာ၊ အသားအရေ မွဲခြောက်တာ၊ ဝက်ခြံစတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
နှလုံး ကျန်းမာစေတယ်
ဖရဲသီးမှာ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးစီးဆင်းမှု ကောင်းအောင် ထောက်ကူပေးနိုင်တဲ့ အမိုင်နိုအက်ဆစ် တစ်မျိုးဖြစ်တဲ့ citrulline ပါဝင်နေပါတယ်။ နောက်တစ်ခုအနေနဲ့ ဖရဲသီးမှာပါတဲ့ lycopene က ရုတ်တရက် နှလုံးရပ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
အဆစ်တွေ ကျန်းမာစေတယ်
ဖရဲသီးမှာပါတဲ့ beta-cryptoxanthin က အဆစ်တွေကို ရောင်တာမျိုး မဖြစ်အာင် ကာကွယ်ပေးပါတယ်။ အဆစ်ရောင်နာကြောင့် နာကျင်ရောင်ရမ်းတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
မျက်လုံး ကျန်းမာစေတယ်
ဖရဲသီးမှာ အမြင်အာရုံရဲ့ အာဟာရဖြစ်တဲ့ ဗီတာမင် A ပါဝင်နေပါတယ်။ မျက်လုံး ကျန်းမာစေပြီး အမြင်အာရံပြဿနာ ကင်းစေဖို့ ထောက်ကူပေးပါတယ်။
ရေဓာတ်ဖြည့်ပေးတယ်
ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်နေပြီး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပါတယ်။ ဆဲလ်တွေကို ရေဓာတ် ပြည့်ဝစေပြီး ရေဓာတ်လမ်းခြောက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
အသားအရေ ကျန်းမာစေတယ်
ဖရဲသီးမှာ ဗီတာမင် A၊ B6 နဲ့ C တို့ ပါဝင်နေပြီး အသားအရေကို နူးညံ့ချောမွတ်အောင် ထောက်ကူပေးပါတယ်။ အရေပားမှာ အနာအဆာကင်းစေဖို့ ထောက်ကူပေးပါတယ်။
အစာကြေစေတယ်
ဖရဲသီးရဲ့ နောက်ထပ် အာနိသင်တစ်ခုကတော့ အစာကြေစေတာပါ။ အစာခြေစနစ် ကျန်းမာစေပြီး အစာခြေအက်ဆစ်ပမာဏကို ထိန်းညှိပေးပါတယ်။
ဖရဲသီး ချိုချိုလေးစားရင်း ရရှိမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက ဒါလေးတွေပါ။
ရေးသားသူ - မွန်မွန်